ကိုယ်ဝန်ဆောင်ချိန် ဘယ်လို အိပ်စက်မလဲ
အိပ်စက်မှု ကျန်းမာရေးအတွက် အရေးပါတဲ့ အချက်တစ်ခုပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိတာက မေမေရော ရင်သွေးလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာ တစ်ခုရှိတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်တာရယ် အိပ်စက်မှုပုံစံကို ဂရုစိုက်ရတာရယ် ပါပဲ။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ရင်သွေးလေးပါ ကျန်းမာစေဖို့အတွက် ဘယ်လို အိပ်စက်ရမလဲဆိုတာ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်ရအောင်နော်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် အိပ်စက်ဖို့ ခက်တာလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ လရင့်လာလေလေ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်လာလေလေပါ။ လရင့်လာလေလေ ဗိုက်က ထွက်လာလေလေဆိုတော့ သက်တောင့်သက်သာ အိပ်စက်ဖို့ ပိုခက်လာတာပေါ့။
နောက်ပြီး ကိုယ်ဝန်လရင့်လာချိန်မှာ ညဘက်မှာ ဆီးခဏခဏ ထသွားရတာ၊ ရင်ပူတာတွေကြောင့် သန်းခေါင်မှာ နိုးလာတာတွေ ဖြစ်နိုင်ပါတယ်။
ခြေထောက် ကြွက်တက်တာ၊ ခါးနာတာတွေကြောင့် အိပ်စက်ဖို့ ခက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး ဖိစီးမှုတွေ များလာတာက ကိုယ်ဝန်ဆောင်မေမေကို ညဘက်မှာ အိပ်စက်ဖို့ ခက်ခဲလာတာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ပုံစံမှန်မှန် အိပ်စက်ကြမယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သွေးလေးကို လွယ်ထားရတာကြောင့် အိပ်စက်ပုံစံတိုင်းကို အိပ်စက်လို့ မရပါဘူး။ အိပ်စက်ပုံက မေမေ့ ကျန်းမာရေးအပေါ်ကိုရော ရင်သွေးလေးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဘယ်လိုအိပ်စက်မှု ပုံစံက အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။
မှောက်ရက် အိပ်တာ
ကိုယ်ဝန်အစောပိုင်းကာလမှာ မှောက်ရက်အိပ်တာက ပြဿနာ မရှိပေမယ့် ကိုယ်ဝန် ၅ လလောက်ရောက်လာချိန်မှာ မှောက်အိပ်တာက အဆင်မပြေဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန် ပထမ ၃ လအတွင်းမှာ မှောက်အိပ်တာက ကလေးကြီးထွားမှုကို ထိခိုက်စေတာမျိုး မရှိသလို မိခင်ကိုလည်း မထိခိုက်စေနိုင်ပါဘူး။ မှောက်ရက်အိပ်တဲ့အခါ ဒိုးနတ်စ်ပုံ ခေါင်းအုံးနဲ့ အိပ်စက်ပေးသင့်ပါတယ်။
ပက်လက်အိပ်တာ
ကိုယ်ဝန်အစောပိုင်းမှာ ပက်လက်အိပ်တာက ပြဿနာ မရှိပေမယ့် ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ်ရောက်လာချိန်မှာတော့ ပက်လက် မအိပ်သင့်တော့ပါဘူး။ ပက်လက်အိပ်တဲ့အခါ ရင်သွေးလေး ရှိနေတဲ့ သားအိမ်က သွေးကြောမကြီးတွေကို ဖိမိပြီး သားအိမ်ဆီကို အောက်ဆီဂျင်ရောက်ရှိမှု နည်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ မူးဝေတာ၊ ရင်ပူတာတွေ ခံစားရနိုင်ပါတယ်။ ကလေး အသေမွေးဖွားတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပက်လက်မအိပ်ဖြစ်အောင် ဂရုစိုက်ဖို့ လိုပါမယ်။
ဘေးစောင်းအိပ်တာ
ဘေးစောင်းအိပ်တာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်တော်ဆုံး အိပ်စက်မှုပုံစံပါ။ ဘေးစောင်းအိပ်တာ ရင်ပူတာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးသလို ကလေးဆီကို သွေးစီးဆင်းရောက်ရှိမှု နဲ့ မေမေရဲ့ ကိုယ်တွင်းက သွေးလည်ပတ်မှုကို ထိခိုက်စေတာမျိုးလည်း မရှိပါဘူး။
ဘေးစောင်းအိပ်တဲ့နေရာမှာ ဘယ်ဘက်စောင်းအိပ်တာက မေမေရော ရင်သွေးလေးအတွက်ပါ ကောင်းတဲ့ အိပ်စက်မှုပုံစံပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့ဆိုရင်တော့
- ခေါင်းအုံးကို မြင့်မြင့်အုံးပါ
- ကိုယ်ဝန်ဆောင် ခေါင်းအုံးသုံးပါ
- မအိပ်ခင် အစားနည်းနည်းလောက် စားပါ
- ပရိုတင်းကြွယ်ဝတာတွေကို စားပါ
- အဆီများတာကို လျှော့စားပါ
- အစာခြေအက်ဆစ် အထွက်နည်းစေတဲ့ဆေး သောက်ပါ
- ရေများများ သောက်ပါ
- ကဖင်းလျှော့ပါ။
ရေးသားသူ - မွန်မွန်